ဗိုလ်ချုပ်အောင်ဆန်း နတ်တလင်းမြို့ရောက်ခဲ့စဉ် . .
(ဗိုလ်ချုပ်၏အပါးတော်မြဲဗိုလ်ထွန်းလှ(ခ)တက္ကသိုလ်နေဝင်းရေးသည်)`` ....ရဲဘော်တွေအနေနဲ့ တော်လှန်ရေးကြီး ပြီးတော့မှာဘဲလို့ စိတ်ကို လျှော့ပစ်ဖို့ ပေါ့ပေါ့ဆဆ မနေကြဘို့ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဗမာ့တော်လှန်ရေးဟာ မပြီးသေးဘူး၊ ဒီတော့ဗမာ့လွတ်လပ်ရေးမရမချင်း ဆက်တိုက်ရအုံးမယ်၊ နောက်ထပ်မင်းတို့ငါတို့ ရဲဘော်တွေဟာ ဆင်းရဲပင်ပန်းခံပြီး လွတ်လပ်ရေး ကို တိုက်ယူရအုံးမယ်။ ဒါကြောင့် မင်းတို့ရဲဘော်တွေထဲက လူပျိုတွေဆိုရင် အိမ်ထောင်မပြုကြနဲ့အုံးလို့ သတိပေးချင်တယ်။ လုံးဝလွတ်လပ်ရေး ရပြီးတော့မှဘဲ အိမ်ထောင်ပြုဖို့စဉ်းစားကြစေချင်တယ်´´
ဤသို့စကားကို ခပ်ပြတ်ပြတ် ပြောခဲ့သူကား အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း ။
ပြောသည့်နေရာကား - နတ်တလင်းမြို့ ။ ပညာ့အလင်းပြတိုက် နှင့် လမ်းခြားသော ရန်ကုန်-ပြည်လမ်းမကြီးထောင့်ရှိ ချစ်တီးတိုက် အောက်ထပ်တွင် ဖြစ်ပါသည်။
အချိန်ကား - ၁၉၄၅ ခုနှစ် ဇူလိုင်လ ဖြစ်ပါသည်။ ထိုအချိန်က နတ်တလင်းမြို့တစ်မြို့လုံးတွင် တပ်မတော်သားရဲဘော်တွေ အမြောက်အများ ရှိနေကြသည်။ အကြောင်းမူကား တော်လှန်ေ၇းမတိုင်မီ အောင်လံတောင်ဖက် `ပြလို့´ရွာတွင် အစပြုခဲ့သော တပ်မတော် `အနောက်တိုင်း´.စစ်ဌာနချုပ်သည် ဖက်ဆစ်တော်လှန်ရေး၌ စစ်ဆင်တိုက်ခိုက်ရင်း မဟာမိတ်(ဗြိတိသျှ) တပ်များနှင့် ပူးပေါင်းညှိနှိုင်း ချီတက်လာရာမှ မျိုးချစ်ဗမာ့တပ်မတော် တိုင်းအမှတ် (၇)အဖြစ် နတ်တလင်းမြို့သို့ပြောင်းရွေ့ကာ တိုင်းစစ်ဌာနချုပ် စခန်းပြုထားသောကြောင့်ပင်တည်း။
တိုင်းအမှတ်(၇) စစ်ဌာနချုပ်၏ တိုင်းမှူးကား ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်ဖြစ်ပြီး ဒုတိုင်းမှူးမှာ ဗိုလ်မှူးစိန်မှန် (ယခုကွယ်လွန်) ဖြစ်ပါသည်။
ဖက်ဆစ်ဂျပန်တို့အား ထိုးစစ်ဆင်၇ာ၌ နေရာတကာ တွင် အောင်ပွဲများဆက်တိုက်ရနေပြီဖြစ်ရာ မျိုးချစ်ဗမာ့တပ်မတော် သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း သည် စစ်တိုင်းအသီးသီးသို့ လှည့်လည်ကြည့်ရှုခြင်း၊ တပ်မတော်သားရဲဘော်များအား သြဝါဒမိန့်ခွန်း ပြောကြားခြင်းများ ပြုလုပ်ရင်း ထိုနေ့က နတ်တလင်းမြို့သို့ရောက်လာပြီး တိုင်းအမှတ် (၇) စစ်ဌာနချုပ်ရှိရာ ချစ်တီးတိုက် ၌ အရာရှိများအား စုရုံးစေပြီး အထက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။
အချိန်ကာလအားဖြင့် နှစ်ပေါင်း(၃၀)ကျော်သွားပြီ ဖြစ်သော်လည်း ထိုစဉ်က နတ်တလင်းမြို့၌ ရှိနေခဲ့သူ ကျွန်တော်အဖို့ကား ရုပ်ရှင်တစ်ကားမှ`နောက်ကြောင်းပြန်´ အခန်းတစ်ခန်း ပြန်ပြဘိသကဲ့သို့ နတ်တလင်းမြို့၏ ရှုခင်းကို ကြည်လင်ထင်ရှားစွာ ပြန်လည်မြင်ယောင်နေမိပါတော့သည်။
ဗိုလ်ချုပ်အောင်ဆန်း ကား ကျွန်တော်တို့ရဲဘော် လူငယ်တွေ ဖက်ဆစ်တော်လှန်ရေး၏ အောင်မြင်မှုဖြင့် ယစ်မူး`အောက်ခြေလွတ်´ခြင်းမဖြစ်စေရန် သတိပေးစကားကြားခဲ့ခြင်းပင်ဖြစ်၏။ မြန်မာ့လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်ေ၇ာက်စရာ ရှိသေး၍ `ခေါင်းတောင်းကျိုက်´မဖြုတ်ကြရန် နတ်တလင်းမြို့သို့ ကိုယ်တိုင်လာရောက်တပ်လှန့်နိုးဆော်ခဲ့ခြင်းပင်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း နတ်တလင်းမြို့သို့ လာရောက်သည့်နေ့မှာပင် ကျွန်တော်တို့ တပ်မတော်တိုင်းအမှတ်(၇)တွင် တာဝန်ကျနေသူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးမြင့်အောင်သည် ချစ်တီးတိုက် အပေါ်ထပ် ၌ သူကိုယ်သူသေနတ်ဖြင့်ပစ်၍ အဆုံးစီရင်သွားခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူးမြင့်အောင်၏ ရုပ်ကလပ်မြှပ်နှံသင်္ဂြုလ်ခဲ့ရာ သင်္ချိုင်းဂူကို ယနေ့တိုင် နတ်တလင်းမြို့မြောက်ဘက်ရှိ သုသာန်တွင် မြင်နေရခြင်းဖြစ်သည်
ကိုသိန်းမင်းစိုး

0 comments:
Post a Comment