(၁)
တာပွန်မြို့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း
***************************
မြန်မာသက္ကရာဇ် ၁၂၁၃ ခု၊ ခရာဇ်သက္ကရာဇ် ၁၈၅၂ ခုနှစ် ပုဂံမင်းလက်ထက်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရနှင့်
မြန်မာမင်းတို့ ဒုတိယအကြိမ် စစ်ပွဲဖြစ်ပွားခဲ့ရာ
မြန်မာမင်းတို့ဘက်မှ အရေးနိမ့်၍ နယ်ချဲ့အင်္ဂလိပ်အစိုးရအား မြန်မာမင်းက ပြည်မြို့အထက်
မြေထဲမြို့(အောင်လံ)နှင့် တောင်ငူမြို့အထိ မြန်မာပြည် အောက်ပိုင်းကို ပေးလိုက်ရသည်။
ဤသို့ အင်္ဂလိပ်နယ်ချဲ့အစိုးရက မြန်မာပြည် အောက်ပိုင်းကို သိမ်းယူနိုင်ခွင့် ရရှိခဲ့သော်လည်း ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အပါအဝင် သာယာဝတီ နယ်ကြီးကိုကား တည်တည်ငြိမ်ငြိမ် အုပ်ချုပ်ပိုင်ခွင့် မရခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ တာပွန်မြို့သူကြီး သာယာဝတီနယ်၏ စစ်ခေါင်းဆောင် ဗိုလ်ဂေါင်းကြီး၊ ဗိုလ်ဂေါင်းလေးနှင့် သာယာဝတီနယ်သားများသည် အနိုင်မခံ အရှုံးမပေး သူ့ကျွန်မခံလိုသော စိတ်ဓာတ်ဖြင့် နယ်ချဲ့အင်္ဂလိပ်အစိုးရအား လက်နက်မချပဲ ဆက်လက်၍ ခုခံတိုက်ခိုက် တော်လှန်နေသောကြောင့်တည်း။
နယ်ချဲ့အင်္ဂလိပ်အား တော်လှန်တိုက်ခိုက်နေသော တာပွန်မြို့သူကြီး ဗိုလ်ဂေါင်းကြီးနှင့် သာယာဝတီ နယ်သူနယ်သားများသည် လက်နက်အင်အား မယှဉ်သာသော်လည်း အာဇာနည်သူရဲကောင်း စိတ်ဓာတ်ဖြင့် သာယာဝတီနယ်သားများပီပီ အနိုင်မခံ၊ အရှုံးမပေး၊ ဒူးမထောက်၊ အလံမလှဲပဲ နယ်ချဲ့အင်္ဂလိပ်အား (၈)နှစ်တိုင်တိုင် ခုခံတိုက်ခိုက်နေသဖြင့် အင်္ဂလိပ်အစိုးရသည် အေးအေးချမ်းချမ်း အုပ်ချုပ်ခွင့် မရခဲ့ချေ။ ဤသို့ရှိနေစဉ် ခရာဇ်သက္ကရာဇ် ၁၈၆၀ ခုနှစ်တွင် မြန်မာပိုင်နှင့် အင်္ဂလိပ်ပိုင် နယ်မြေကို ကူးသန်းနေခိုက် အမိန့်ကို မနာခံဟုဆိုကာ မြန်မာမင်း၏ နယ်ခြားစောင့် စစ်တပ်မှ ဗိုလ်ဂေါင်းကြီးအား ပစ်သတ်လိုက်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ သာယာဝတီခရိုင်၊ တာပွန်မြို့သား စစ်ခေါင်းဆောင် အာဇာနည် မျိုးချစ် သူရဲကောင်း ဗိုလ်ဂေါင်းကြီးသည် ကျဆုံးသွားခဲ့ရလေသည်။

( ၂ )
မြို့တာပွန်
*******
မြန်မာမင်းများလက်ထက် မြို့တာပွန်
*-*-*-*-*-*-*-*-*-*-*-*-*
မြန်မာမင်းများလက်ထက် တာပွန်မြို့သည် အနောက်ဘက် ဧရာဝတီမြစ်နှင့် လှေ၊သမ္ဗာန်ကြီးများ အလွယ်တကူ ဝင်ထွက်ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်သည်။
တာပွန်မြို့ကို မြန်မာအမတ် ရွေးလကျာ် ဗိုလ်ဦးရွှေမောင် တည်ခဲ့သည်ဟု ကုန်းဘောင်မဟာ ရာဇဝင်ကြီးကဆိုသည်။ တာပွန်မြို့သည် မွန်စကား ဖြစ်၍ (တာ=ထန်း၊ ပွန်=လေး) ထန်းလေးပင်ရှိသော ကုန်းမြေ၌ တည်သော မြို့တစ်မြို့ ဖြစ်ဟန်ရှိသည်။
မြန်မာဘုရင် ဘကြီးတော်မင်းတရားလက်ထက် သာယာဝတီနယ်ကို သာယာဝတီမင်းသား အပိုင်စား ရသည်။ မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ ခွဲခြားပြီး အုပ်ချုပ်ရေးနယ်ကလေးများ ခွဲခြား၍ အုပ်ချုပ်သည်။
မိုးညိုမြို့တွင် မြို့ဝန်တစ်ဦး၊ စစ်ကဲတစ်ဦး၊ မင်းကြီး(သို့မဟုတ်)လောကဇေယျာနှင့် အခြားစစ်ကဲတစ်ဦးတို့ အသီးသီး တာဝန်ချထား၍ အုပ်ချုပ်လေသည်။ ထိုမြို့ဝန်နှင့် စစ်ကဲများအောက်၌ ပဲ့နင်းကြီး(သို့မဟုတ်)မြို့သူကြီးများ အုပ်ချုပ်သော တိုက်နယ်ပေါင်း (၂၀)နှင့် သစ်တောအရာရှိများ အုပ်ချုပ်သော ဘုရင့်သစ်တောနယ်ကြီး (၄)နယ် ရှိလေသည်။ ယခု ဟသာင်္တနယ်သည် ထိုစဉ်က သာယာဝတီနယ်၏ လက်အောက်တွင်ရှိသည်။
တာပွန်မြို့နယ်သည် တိုက်နယ်ကြီး (၂၀)အနက် နယ်တစ်နယ်အဖြစ် ပါဝင်၍ မြို့သူကြီး အုပ်ချုပ်သော တိုက်နယ်ကြီးတစ်ခု ဖြစ်သည်။ မြန်မာမင်းလက်ထက် နောက်ဆုံး အုပ်ချုပ်သွားသော မြို့သူကြီးမှာ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ၌ အနိုင်မခံ အရှုံးမပေး သူ့ကျွန်မခံလိုသော စိတ်ဓာတ်ဖြင့် တိုက်ခိုက်နေရင်း ကျဆုံးသွားသော အာဇာနည် သူရဲကောင်း ဦးဂေါင်းကြီး(ခေါ်)ဗိုလ်ဂေါင်းကြီးပင် ဖြစ်လေသည်။
(သာယာဝတီဂေဇက်တီးယား)
(ကုန်းဘောင်မဟာရာဇဝင်)
(သာယာဝတီသမိုင်း-ဦးလှဒင်ပြုစုသောစာအုပ်များမှ ကောက်နုတ်ချက်)

(၃)
အင်္ဂလိပ်နယ်ချဲ့ အစိုးရလက်ထက် တာပွန်မြို့
********************************
၁၈၅၃ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲပြီးဆုံး၍ အောက်မြန်မာပြည် အောင်လံမြို့အထိ အင်္ဂလိပ်အစိုးရ၏ လက်အောက်သို့ ရောက်သွားသောအခါ အင်္ဂလိပ်အစိုးရသည် သာယာဝတီနယ်ကြီးကို (၂)နယ် ခွဲလိုက်သည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းကို သာယာဝတီခရိုင်၊ အနောက်ဘက်ကမ်းကို ဟသာင်္တခရိုင် ဟူ၍ ဖြစ်သည်။
သာယာဝတီနယ်၊ သာယာဝတီခရိုင်ကို (၄)မြို့နယ် ခွဲ၍ အုပ်ချုပ်ပြန်သည်။ သာရဝေါ(သို့မဟုတ်) မိုးညိုမြို့နယ်ကို ၁၈၅၃ ခုနှစ်၊ တာပွန်မြို့နယ်ကို ၁၈၅၄ ခုနှစ်၊ မင်းကြီးမြို့နယ်ကို ၁၈၅၄ ခုနှစ်၊ စံရွေးမြို့နယ်ကို ၁၈၅၆ ခုနှစ်တွင် အသီးသီး ဖွဲ့စည်း၍ မြို့အုပ် တစ်ဦးစီ ထားရှိ အုပ်ချုပ်စေသည်။
(သာယာဝတီဂေဇက်တီးယားမှကောက်နုတ်ချက်)
တည်နေရာ
*********
တာပွန်မြို့နယ်သည် သာယာဝတီခရိုင် မြောက်ဘက်၌ ရှိ၍ မြောက်လတ္တီတွဒ် ၁၈.၁၅ံ နှင့် ၁၈.၄၅ံ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၂၂ံ နှင့် ၉၅.၅၈ံ အကြားတွင် တည်ရှိသည်။
အကျယ်အဝန်း နှင့် မြေမျက်နှာသွင်ပြင်
****************************
ဧရိယာ စတုရန်းမိုင်ပေါင်း ၆၉၄ မိုင် ကျယ်၍ အရှေ့ဘက် ပဲခူးရိုးမ တောင်တန်းဒေသများမှတစ်ပါး မြေပြန့်လွင်ပြင်များ ဖြစ်သည်။
လူဦးရေ
*******
၁၈၈၁ ခုနှစ်တွင် တစ်မြို့နယ်လုံး၌ ကျေးရွာပေါင်း (၃၂၇)ရွာ ပါဝင်၍ လူဦးရေ ၆၀၁၂၇ ယောက် ရှိသည်။ (မှတ်ချက်။ ယခု နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက် မြို့နယ်များ ပါဝင်ဟန်ရှိသည်)။ တာပွန်မြို့ပေါ်၌ လူဦးရေ ၁၆၇၉ ယောက်ရှိသည်။
၁၈၈၃-၈၄ ခုနှစ်တွင် ၉၇ စတုရန်းမိုင် စိုက်ပျိုး နိုင်၍ လယ်ခွန်တော် ၁၂၀၀၀ိ/ ကျပ် ကောက်ခံရရှိသည်
(သာယာဝတီဂေဇက်တီးယား စာမျက်နှာ-၁၃၃)
(၄)
မြန်မာနိုင်ငံ ပထမဆုံး မီးရထားလမ်း
**************************
ဗိုလ်ဂေါင်းကြီး ကျဆုံးသွားသောအခါတွင်မှ အင်္ဂလိပ်နယ်ချဲ့အစိုးရသည် ပြည်မြို့နယ်နှင့် သာယာဝတီနယ်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်ခွင့် ရရှိခဲ့သည်။ ဤသို့ ငြိမ်ဝပ်ပိပြားရေးကို အလေးထား၍ အုပ်ချုပ်ခဲ့ရာ ရှစ်နှစ်ကျော် ဆယ်နှစ်အတွင်း တစ်စစ အေးချမ်းငြိမ်သက် လာရာ ခရာဇ်သက္ကရာဇ် ၁၈၆၈ ခုနှစ်တွင် ဧရာဝတီချိုင့်ဝှမ်း အစိုးရမီးရထားလမ်း အမည်တွင်သော ရန်ကုန်-ပြည် မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ဗြိတိသျှ အင်ပါယာ အိန္ဒိယဘုရင်ခံချုပ် အစိုးရထံ တင်ပြခဲ့သည်။ (ထိုအချိန်က အင်္ဂလိပ်ပိုင်သော မြန်မာနိုင်ငံအောက်ပိုင်းကို ဗြိတိသျှအစိုးရပိုင်သော အိန္ဒိယမှ လှမ်း၍ပူးတွဲ အုပ်ချုပ်သည်) အိန္ဒိယ အစိုးရထံမှ ဖောက်လုပ်ခွင့်ရသော အခါ ၁၈၇၄ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ သာယာဝတီနယ်ကို ဖြတ်သန်းလျက် ရန်ကုန်နှင့် ပြည်မြို့ကို ဆက်သွယ်သော မြန်မာနိုင်ငံ၏ ပထမဆုံး မီးရထားလမ်းကို ဖောက်လုပ်ခဲ့သည်။
ထိုမီးရထားလမ်းကို ၁၈၇၄ ခုနှစ်တွင် စတင် ဖောက်လုပ်ရာ ၁၈၇၇ ခုနှစ်တွင် ပြီးစီး၍ ၁၈၇၇ ခုနှစ် မေလ (၁) ရက်နေ့တွင် စတင်စမ်းသပ် ခုတ်မောင်းခဲ့သည်။ မီးရထားလမ်း စတင်ပြေးဆွဲချိန်က ဖွင့်လှစ်ခဲ့သော မီးရထား ဘူတာများမှာ ရန်ကုန်၊ ကြည့်မြင်တိုင်၊ သမိုင်း၊ လှော်ကား၊ မှော်ဘီ၊ ဆိပ်ကြီး၊ ဥက္ကံ၊ လက်ပံတန်း၊ မင်္ဂလာအုပ်ဖို၊ ခုနစ်ရွာ၊ ဇီးကုန်း၊ ပေါင်းတည်၊ သဲကုန်း၊ ဆင်မြီးဆွဲ၊ မှော်ဇာ၊ ပြည်မြို့ ဘူတာများ ဖြစ်ကြသည်။
ထိုဘူတာရုံများ စတင်ဖွင့်လှစ်စဉ်က နတ်တလင်းဘူတာဟူသော ဘူတာရုံမှာ မရှိသေးပါ။ မဖွင့်ရသေးပါ။ ၁၈၇၈ ခုနှစ် ကုန်ဆုံးကာနီးမှ နောက်ထပ် ဖွင့်သော ဘူတာရုံ (၈)ခုအနက်မှ တစ်ခုဖြစ်သော နတ်တလင်းဘူတာရုံဟူ၍ ပေါ်ပေါက်လာပါသည်။ ထို့ကြောင့် နတ်တလင်းဟူသော ဝေါဟာရ အမည်နာမမှာ မီးရထားဘူတာရုံ အမည်ဆိုင်းဘုတ်ကို အစွဲပြု၍ ဖြစ်ပေါ်လာခြင်းဟု ဆိုနိုင်ပါသည်။ မှတ်ယူရပါမည်။ အဘယ်ကြောင့်ဆိုသော် မီးရထားလမ်း၊ ကားလမ်း မဖောက်ခင်က နတ်တလင်းမြို့၊ နတ်တလင်းရွာ၊ နတ်တလင်းစခန်းဟူ၍ မရှိသေးပါ။
ရန်ကုန်မှ ပြည်မြို့သို့ ပေတစ်ရာ မော်တော်ကားလမ်းကိုလည်း ၁၈၆၇-၆၈ ခုနှစ်မှ စတင် ဖောက်လုပ်ရာ ၁၈၈၅ ခုနှစ်တွင်မှ အပြီးသတ် ပြီးစီးလေသည်။ (သာယာဝတီဂေဇက်တီးယား)
ဤသို့ မီးရထားလမ်း၊ ကားလမ်းဖောက်၍ ဘူတာရုံစခန်း ဖွင့်လှစ်လိုက်မှသာ နတ်တလင်းဟူသော ဝေါဟာရ အမည်နာမ တွင်လာခြင်းဖြစ်သည်။ သို့ရာတွင် နတ်တလင်းဘူတာရုံ ဖွင့်လှစ်သော အချိန်မှာပင် နတ်တလင်းမှာ မြို့မဟုတ်သေးပါ ကျေးရွာဘူတာ စခန်းလေးတစ်ခုသာ ဖြစ်ပါသည်။ ဤသို့ မီးရထားလမ်း ဖောက်လုပ်သည့်အတွက် မီးရထားအလုပ်သမား၊ ကားလမ်းဖောက်လုပ်သည့်အတွက် ကားလမ်း အလုပ်သမားများ စခန်းချရာ စခန်းတစ်ခု ဖြစ်လာပါသည်။ ထိုအလုပ်သမားများနှင့် ဘူတာရုံကို အကြောင်းပြု၍ ဝေးနီး ရပ်ရွာဒေသ အရပ်များမှ လူများသည် ရေကြည်ရာ မြက်နုရာ ဆိုသလို အရောင်းအဝယ် ဈေးဆိုင် ကန္နားများ ဖွင့်လှစ် ရောင်းချ နေထိုင်ရန် ရောက်ရှိလာကြပါသည်။
(ထိုအချိန်က မီးရထားလမ်း၊ ကားလမ်း အလုပ်သမားများ နေထိုင်ရန်နှင့် ပစ္စည်းများထားရန် အဆောက်အဦးမှာ တာပွန်လမ်းနှင့် သာစည်လမ်းဆုံတွင် ဆောက်လုပ်ထားပါသည်။ သံဖြူရုံဟု ခေါ်သည်။ ယခု မရှိတော့ပါ) ဤသို့ ဘူတာရုံနှင့် စခန်းဖြစ်လာသည့်အတွက် အနီးအနားတစ်ဝိုက်တွင်လည်း လူနေအိမ်နှင့် ဈေးဆိုင်များ ပေါ်ပေါက်လာကြပါသည်။
ထို့နောက် မီးရထားဘူတာစခန်း ဖွင့်လှစ်ထားသော နတ်တလင်းရွာသည် ခရီးလမ်းပန်း အဆက်အသွယ် ကောင်းမွန်လာပြီး ကျောထောက်နောက်ခံ ကျေးရွာနယ်ပယ်များကလည်း လယ်ယာလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာကြရာ တစ်ဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက် လာလေသည်။ ထိုအချိန်က နတ်တလင်းနှင့်တကွ တစ်နယ်လုံးကို တာပွန်မြို့က အုပ်ချုပ်လေသည်။ တာပွန်မြို့သည် မြန်မာမင်းများလက်ထက်ကတည်းက မြို့သူကြီး အုပ်ချုပ်သော နယ်မြေဖြစ်ပြီး အင်္ဂလိပ်အစိုးရ တက်လာသောအခါတွင်လည်း ၁၈၅၄ ခုနှစ်၌ မြို့ပိုင်တစ်ဦး ခန့်ထား၍ အုပ်ချုပ်ခဲ့လေသည်။
ဤသို့ နတ်တလင်းရွာသည် ခရီးလမ်းပန်း အဆက်အသွယ်ကောင်း၍ စည်ကား ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တာပွန်မြို့သည်ကား မြစ်ကြောင်းများ တိမ်ကော၍ ရေကြောင်းသွားလာရေး မှာလည်း တစ်ဖြည်းဖြည်း တိမ်ကော ဆုတ်ယုတ် လာခဲ့လေတော့သည်။ ထို့ကြောင့် အစိုးရက ခရီးလမ်းပန်း အဆက်အသွယ်ကောင်းသော နတ်တလင်းရွာသို့ မြို့ပြ အုပ်ချုပ်ရေးအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ရန် ဆုံးဖြတ်လျက် ၁၉၀၆-၁၉၀၇ ခုနှစ်တွင် မြို့ကွက်ရိုက်ပြီး မြန်မာသက္ကရာဇ် ၁၂၇၀ ခုနှစ်၊ ခရာဇ် သက္ကရာဇ် ၁၉၀၈ ခုနှစ် မြို့ပိုင် ဦးကြည် လက်ထက်တွင် အုပ်ချုပ်ရေးဌာနများနှင့် မြို့ပိုင်ရုံးကို တာပွန်မှ နတ်တလင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ် လိုက်ပါတော့သည်။ ထိုအချိန်မှစ၍ နတ်တလင်းမြို့နယ် တာပွန်မြို့ ဖြစ်သွားခဲ့လေတော့သည်။
(တာပွန်အကြောင်းပြီး၏)
(ဗိုလ်ဂေါင်းကြီး အကြောင်း ဆက်ရန်)

( ၅ )
မျိုးချစ် အာဇာနည် သူရဲကောင်း ဗိုလ်ဂေါင်းကြီး
*********************************
သာယာဝတီနယ်မှ ဂုဏ်ယူစရာ ချီးကျူး ဂုဏ်ပြုထိုက်သော မျိုးချစ်အာဇာနည် သူရဲကောင်းကြီးတစ်ဦး ပေါ်ပေါက်လာခဲ့ဖူးလေသည်။ ထိုသို့ ချီးကျူး ဂုဏ်ပြုထိုက်သော မျိုးချစ်အာဇာနည် သူရဲကောင်းကြီးမှာ သာယာဝတီနယ်၊ နတ်တလင်းမြို့နယ်တွင်ပါဝင်သော ယခင် တာပွန်မြို့သူကြီးဟောင်း၊ တာပွန်သား သူရဲကောင်း ဦးဂေါင်းကြီး(ခေါ်)ဗိုလ်ဂေါင်းကြီးပင် ဖြစ်ပေသည်။
ကုန်းဘောင်မင်းဆက် ပုဂံမင်းလက်ထက်တွင် (မြန်မာနိုင်ငံအား နယ်ချဲ့အင်္ဂလိပ်က ဒုတိယအကြိမ် မတရား ကျူးကျော် တိုက်ခိုက်သောအခါတွင်) ရာဇဝင် ပြောင်ခဲ့သော သာယာဝတီသားများ၏ စစ်ခေါင်းဆောင် တာပွန်မြို့သူကြီး ဦးဂေါင်းကြီးသည် ကျူးကျော်လာသော တိုင်းတစ်ပါးသား နယ်ချဲ့အင်္ဂလိပ်တပ်များအား နေပြည်တော်မှ ချီတက်လာသော ပုဂံမင်း၏ မြန်မာ့တပ်မတော်သားများနှင့်အတူ စစ်ပွဲတွင် ဝင်နွဲ၍ မိမိနိုင်ငံအတွက် မြန်မာ့သွေးကိုပြသကာ၊ သာယာဝတီ နယ်သား၊ တာပွန်သားပီပီ ပါဝင် တိုက်ခိုက်ခဲ့လေသည်။
သို့ရာတွင် ထိုစစ်ပွဲအချိန်အတွင်းမှာပင် ပုဂံမင်း၏ ထီးနန်းအား မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့၏ နန်းလုပွဲ အရေးတော်ပုံကြီးတစ်ရပ်သည် ပေါ်ပေါက်လာခဲ့၏။ ယင်းအရေးတော်ပုံကြောင့် ပုဂံမင်း၏ မြန်မာ့တပ်မတော်ကြီးမှာ ရန်ကုန်မှနေ၍ နယ်ချဲ့အင်္ဂလိပ်တပ်များကို အသေခံပြီး အလုံးအရင်းဖြင့် တိုက်ခိုက်နေရင်းပင် မင်းနေပြည်တော်သို့ ပြန်လည် ဆုတ်ခွာခဲ့ရ၏။ ထို့ကြောင့် နယ်ချဲ့အင်္ဂလိပ်တပ်များမှာ ပြည်မြို့အထိ အလွယ်တကူ သိမ်းပိုက်မိသွားလေ၏။
ဝမ်းနည်းစရာ သင်ခန်းစာယူစရာ အလွန်ကောင်းသော အချက်ဖြစ်ပေသည်။ အချင်းချင်းအာဏာလုမှုကြောင့် နယ်ချဲ့အင်္ဂလိပ်သည် မြန်မာနိုင်ငံတွင် တစ်ဆင့်တက်၍ ခြေကုတ်ရသွားပြန်လေသည်။ ထို့ကြောင့် သာယာဝတီ နယ်မှာလည်း အလိုလို အင်္ဂလိပ်လက်အောက်သို့ ကျရောက် သွားခဲ့ရ၏။ သို့ရာတွင် မင်းနှင့်တကွ မြန်မာတပ်မတော်က မြန်မာပြည်အောက်ပိုင်းကို အရှုံးပေးလိုက်ရသော်လည်း သာယာဝတီနယ်သားများနှင့် သူတို့၏စစ်ခေါင်းဆောင် တာပွန်မြို့သူကြီး ဦးဂေါင်းကြီး(ခေါ်)ဗိုလ်ဂေါင်းကြီး သည်ကား အင်္ဂလိပ်နယ်ချဲ့များအား အနိုင်မခံ။ အရှုံးမပေး။ ဒူးမထောက်။ လက်မမြှောက်ပဲ သူ့ကျွန်မခံလိုသော မျိုးချစ်စိတ်ဓာတ်ဖြင့် သူ၏ သာယာဝတီနယ်သားများနှင့်အတူ ရရာလက်နက်ကို စွဲကိုင်၍ မင်းနှင့်တကွ မည်သူ၏ အကူအညီမျှ မရခဲ့ပဲ မိမိ၏နယ်သူနယ်သား လူထု၏ အကူအညီဖြင့်ပင် အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကြီးနှင့်တကွ ဘုရင်ခံ ကိုယ်တိုင် အံ့သြတုန်လှုပ်ချောက်ခြား မျက်လုံးပြူးစေလောက်အောင် မိမိ၏ သာယာဝတီနယ်ကို အခြေခံကာ တာပွန်မြို့ကို ဌာနချုပ် ပြုလုပ်ပြီး အာဇာနည် သူရဲကောင်းပီပီ တော်လှန် တိုက်ခိုက်ခဲ့ဖူးလေသည်။
ထို့ကြောင့် သာယာဝတီနယ်မြောက်ပိုင်းတွင် ပါဝင်သော မြန်မာ့အာဇာနည် သူရဲကောင်းကြီး တစ်ဦးကို တာပွန်မြို့မှပင် မွေးထုတ်ပေးခဲ့ဖူးလေသည်။သာယာဝတီနယ်၏ စစ်ခေါင်းဆောင်၊ တာပွန်မြို့သား မျိုးချစ်အာဇာနည် သူရဲကောင်းကြီးတစ်ဦးဖြစ်သော ဦးဂေါင်းကြီး(ခေါ်)ဗိုလ်ဂေါင်းကြီးကို မွေးထုတ်ပေးလိုက်ပုံမှာ ဤသို့ ဖြစ်လေသတည်း။
(၆)
သာယာဝတီနယ်
************
ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရား လက်ထက်၌
သာယာဝတီနယ်ကို မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ အုပ်ချုပ်ရေးနယ်ကလေးများ ခွဲခြားထားရာ မိုးညိုမြို့တွင် မြို့ဝန်တစ်ဦးနှင့် စစ်ကဲတစ်ဦး။ မင်းကြီးမြို့(သို့မဟုတ်) လောကဇေယျာ၌ အခြားစစ်ကဲတစ်ဦး အသီးသီးထားရှိ၍ အုပ်ချုပ်စေခဲ့ပေသည်။ သူကြီး(သို့မဟုတ်)ပဲ့နင်းကြီးများ အုပ်ချုပ်သော တိုက်နယ်ပေါင်း(၂၀)လည်း ရှိသည်။ သစ်တောဘက်အရာရှိများ အုပ်ချုပ်သော ဘုရင့်သစ်တော နယ်ကြီး (၄)နယ်လည်း ရှိခဲ့လေသည်။
ထိုအချိန်က သာယာဝတီနယ်နှင့် ဟသာင်္တနယ်တို့မှာ
တစ်ကွဲတစ်ပြားစီမဟုတ်ပဲ တစ်နယ်တည်းကဲ့သို့ပင် မြို့ဝန်စစ်ကဲများ အုပ်ချုပ်လျက်ရှိခဲ့ကြ၍ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းလည်း မပြတ်ဆက်စပ် ကူးသန်းလျက် ရှိခဲ့ကြလေသည်။ ထို့ကြောင့် ဧရာဝတီမြစ်၏ အရှေ့ဘက် ကမ်းရှိ တာပွန်မြို့သူကြီး ဦးဂေါင်းကြီးမှာ သြဇာတန်ခိုး ကြီးမားခဲ့သလောက် ဧရာဝတီ အနောက်ဘက်၌ ဦးမြတ်ထွန်းဆိုသူ အင်္ဂဗိုမြို့(ယခုအင်္ဂပူ) မြို့သူကြီးသည်လည်း အလွန်တန်ခိုးထွားလျက် ရှိနေပေသည်။ ဦးဂေါင်းကြီးမှာ လူဖလံ။ အသားမည်းပြီး။ စကားနည်းသည်။ စူးရှထက်မြက်သောမျက်လုံးနှင့် အံတကြိတ်ကြိတ် လုပ်နေတတ်သည်။ ဦးဂေါင်းကြီးနှင့် ဦးမြတ်ထွန်းမှာ ဧရာဝတီမြစ် ခြားနေသော်လည်း တစ်ဦးနှင့် တစ်ဦး မကြာခဏတွေ့ဆုံ၍ အရာရာတွင် တိုင်ပင်လုပ်ဆောင်လေ့ ရှိသည်။ လည်းကောင်းတို့မှာ သာယာဝတီမင်းသား၏ လူယုံတော်များ ဖြစ်ခဲ့ကြ၏။ ဘကြီးတော်ဘုရားလက်ထက် မယ်နုနှင့် စလင်းစား မောင်အိုတို့ အရေးအခင်းတွင် သာယာဝတီမင်းသား ဘက်မှ အင်တိုက်အားတိုက် ပါဝင်တိုက်ခိုက်ခဲ့ဖူးသည်။
ဦးဂေါင်းကြီးက ဧရာဝတီမြစ် အရှေ့ဘက်ကမ်းစစ်ကဲ ဦးဆောင်၍ ဦးမြတ်ထွန်းမှာ အနောက်ဘက်ကမ်း စစ်ကဲခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် ဦးဂေါင်းကြီးသည် သာယာဝတီမင်း၏ အားကိုးရသော သာယာဝတီသားများ၏ စစ်ကဲခေါင်းဆောင်ဖြစ်သည်။ သာယာဝတီမင်း နန်းရ၍ အထွတ်အထိပ်သို့ ရောက်သောအခါ ဦးဂေါင်းကြီးနှင့် ဦးမြတ်ထွန်းတို့မှာ မြို့သူကြီးများ ဖြစ်လာကြသည်။ သာယာဝတီမင်း နတ်ရွာစံ၍ ပုဂံမင်း ထီးနန်းဆက်ခံသော အခါတွင်လည်း ကျေးဇူးသစ္စာကို ဆက်လက် စောင့်ထိန်းခဲ့ကြသည်။
ဦးဂေါင်းကြီးနှင့် ဦးမြတ်ထွန်းတို့မှာ သာယာဝတီမင်း အိမ်နိမ့်စံစဉ် အခါတည်းက လူရင်းများဖြစ်ခဲ့ကြသည့်အတိုင်း တစ်လက်စွဲပီပီ ပုဂံမင်း နန်းတက်စအခါကပင် ခပ်တန်တန် လုပ်လာခဲ့ကြဖူးလေသည်။ အကြောင်းမှာ ရွှေမြို့တော်တွင် ပုဂံမင်း၏လူယုံတော် မြို့ဝန်ကုလား မောင်ဘိုင်ဆတ်နှင့် မြို့စာရေး မောင်ပိန်တို့၏ ချယ်လှယ်နေကြသည်ကို အဝေးမှနေ၍ ခံပြင်းနေခဲ့ကြသည့်အတိုင်း ကိုယ့်နယ်မှ ကိုယ်ပြန်၍ အာခံရဲကြောင်းကိုလည်း ပြဝံ့သူများ ဖြစ်လေသည်။ မျက်နှာဖြူ အင်္ဂလိပ်များနှင့် စစ်ဖြစ်စ အခါကဆိုလျင် "" ငါ့နယ်မှ မည်သူမျှ စစ်ထွက်မတိုက်ရ!"" ဟူ၍ပင် ပြင်းပြင်းထန်ထန် အမိန့်ထုတ်ဝံ့ခဲ့ဖူးသူမှာ ဦးဂေါင်းကြီးပင် ဖြစ်တော့သည်။ သို့ရာတွင် အင်္ဂလိပ်-မြန်မာ ဒုတိယအကြိမ်စစ်ပွဲတွင် လူမျိုးနှင့်ချီ၍ သူ့ကျွန်ဖြစ်တော့မည့် အရေးကြောင့် နေပြည်တော်မှ မြန်မာ့တပ်မတော်ကြီးတို့ အင်္ဂလိပ်ကို တိုက်ခိုက်ရန် ချီတက်လာသောအခါ ဦးဂေါင်းကြီးသည် သူ၏ သာယာဝတီနယ်မှ တပ်သား (၁၅၀၀)နှင့်အတူ အလုံးအရင်းနှင့် လိုက်ပါ၍ မဟာမင်းလှမင်းထင် သမန္တကျော်၏ တပ်မတော်နှင့်အတူ နယ်ချဲ့ကုလားဖြူများကို ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေသည်။
(၇)
အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲ
********************
၁၈၃၇ ခုနှစ်တွင် နန်းတက်လာသော သာယာဝတီမင်းလက်ထက်၌ အင်္ဂလိပ်-မြန်မာ ဆက်ဆံရေး မပြေမလည် ဖြစ်ခဲ့ရသည်။ ဖြစ်ရခြင်းအကြောင်းမှာ ရန္တပိုစာချုပ် ချုပ်ဆိုပြီးနောက် မြန်မာက အင်္ဂလိပ်သံရုံးကို ရုတ်သိမ်းစေ၍ သံမှူးများအားလုံးကို ပြန်လည်ရုတ်သိမ်းစေလိုက်သဖြင့် အင်္ဂလိပ်သံမှူး မေဂျာဘာနီ၊ ကာနယ်ဘစ်ဆင်၊ ကပ္ပတိန်မက္ကလော စသောသံမှူးအားလုံး နေပြည်တော်မှ ပြန်လည်ထွက်ခွာ သွားရသည်။ ထိုအခါ သံမှူးအားလုံးက အိန္ဒိယ ဘုရင်ခံချုပ်အား မြန်မာကို စစ်ပြုရန် အစီရင်ခံခဲ့ကြသည်။
ထိုအချိန်အခါမှာပင် သာယာဝတီမင်းသည် စစ်တပ် အလုံးအရင်းနှင့် ရန်ကုန်သို့ စုန်ဆင်း၍ ရွှေတိဂုံဘုရားကို ဖူးမြော်သည်။ ထို့ကြောင့် အိန္ဒိယဘုရင်ခံချုပ် လော့ဒါလဟိုဇီသည် ၄င်းအုပ်ချုပ်သော အိန္ဒိယနယ်မြေ ပိုမိုခိုင်မာရေးနှင့် ရခိုင်နှင့်တနသာင်္ရီ နယ်မြေဖြစ်သည့် တစ်ဝက်တစ်ပျက်သိမ်းထားသော အောက်မြန်မာနိုင်ငံ၌ မြန်မာမင်းရှိနေက စိတ်မချပဲ ဖြစ်နေရလေသည်။
ဤကဲ့သို့ စိတ်မချဖြစ်နေ၍ စစ်လိုလား နေသည့်အခိုက် သာယာဝတီမင်း နတ်ရွာစံ၍ ပုဂံမင်း နန်းတက်လာသောအခါ ၁၈၅၁ ခုနှစ်အချိန်၌ ဟံသာဝတီမြို့ဝန် ဦးအုပ် မဟာမင်းလှမင်းခေါင်ကျော်စွာ သည် အင်္ဂလိပ်ကပ္ပတိန်နှစ်ဦးဖြစ်သော မောနပ်နှင့်ချန်ပီယံ သဘောင်္တို့မှ ကပ္ပတိန်ရှက်ပတ်နှင့် ကပ္ပတိန်လူးဝစ်တို့အား လူသတ်မှု၊ အလွဲသုံးစားမှုဖြင့် ဒဏ်ရိုက်လိုက်သည်။ ထို့ကြောင့် ကပ္ပတိန်နှစ်ဦးက မြန်မာအစိုးရသည် သက်သက်မဲ့အမှုရှာ၍ မတရားဒဏ်ရိုက်သည်ဟု အိန္ဒိယ ဘုရင်ခံချုပ်ထံ တိုင်ကြားလေသည်။
ထိုအခါ စစ်လိုလား၍ အကွက်စောင့်နေသော အိန္ဒိယဘုရင်ခံချုပ် လော့ဒါလဟိုဇီသည် တင်းတင်းမာမာ အရေးဆိုရန်အတွက် ကော်မိုတိုလင်းပတ်ဆိုသူအား စစ်သဘောင်္(၃)စင်းဖြင့် စေလွှတ်လိုက်သည်။ ရန်ကုန်သို့ ရောက်လာသောအခါ ကော်မိုတိုလင်းပတ်က ကပ္ပတိန်နှစ်ဦးအား မြန်မာအစိုးရက မြန်မာငွေ (၁၇၀၅)ကျပ် ဒဏ်ရိုက်သည့်အစား (၉၂၀၀)ကျပ် ဒဏ်ရိုက်သည်ဟု ပိုပြော၍ ပြန်ပေးရန် တောင်းဆိုလိုက်သည်။ မြန်မာဘုရင်အစိုးရက ဟံသာဝတီမြို့ဝန်ကို နေပြည်တော်သို့ ပြန်ခေါ်၍ ရွှေတောင်မြို့ဝန်ကို ရန်ကုန်သို့ ပြောင်းရွှေ့ ခန့်ထားလိုက်သည်။ အင်္ဂလိပ်စစ်သံမှူး တောင်းဆိုသော အမှုသွားအမှုလာကို စုံစမ်းစစ်ဆေးစေ၍ လိုအပ်သလို ပြုမူဆောင်ရွက်ရန် အမိန့်ချမှတ်လိုက်သည်။
ရွှေတောင်မြို့ဝန် ရန်ကုန်သို့ ရောက်သောအခါ အပြေအလည်ပြောဆိုရန် ကော်မိုတိုလင်းပတ်ထံ စေလွှတ်လိုက်သည်။ ထိုအခါ ကော်မိုတိုလင်းပတ်က အမေရိကန်ပြည်သား သာသနာပြု ကင်းကိတ်နှင့် စစ်ဗိုလ်(၄)ဦးတို့ကို ရွှေတောင်မြို့ဝန်ထံ စေလွှတ်လိုက်သည်။ ကင်းကိတ်နှင့်အဖွဲ့သည် ရွှေတောင်မြို့ဝန်၏ မြန်မာအရေးပိုင်ဝန်းအတွင်းသို့ မြင်းများစီး၍ ဝင်မည်ပြုရာ မြန်မာအမှုထမ်းတို့က မြန်မာ့ထုံးတမ်းစဉ်လာနှင့် မညီသဖြင့် ဟန့်တားသည်။ ကင်းကိတ်နှင့်အဖွဲ့ ပြန်သွားရသည်။ ကော်မိုတိုလင်းပတ်က ထိုအပြုအမူသည် မြန်မာက အင်္ဂလိပ်တို့အား ရန်စသည်ဟု မိမိလိုရာ အဓိပ္ပါယ်ကောက်၍ ရန်ကုန်ဆိပ်ကမ်းကို ပိတ်ဆို့လိုက်ပြီး သဘောင်္လုပ်ငန်းဌာနနှင့် ရန်ကုန်ခံတပ်တို့ကို အမြောက်နှင့် ပစ်ခွင်း၍ တွေ့သမျှ သဘောင်္များကို နှစ်မြှုပ်ပြီး ထွက်သွားလေသည်။
ကော်မိုတိုလင်းပတ် ပြန်သွားပြီးနောက် မကြာခင် အိန္ဒိယဘုရင်ခံ လော့ဒါလဟိုဇီသည် မြန်မာမင်းထံ ကပ္ပတိန်ရှက်ပတ်နှင့် ကပ္ပတိန်လူးဝစ်တို့အား လျော်ကြေးပေးရန်၊ ဟံသာဝတီမြို့ဝန်က ဝန်ခံတောင်းပန်ရန် ရာဇသံ ပေးလိုက်သည်။ ဤသို့ ရာဇသံပေးသည်ကို မြန်မာတို့က အချိန်မီ မပြန်ကြားနိုင်သဖြင့် ၁၈၅၂ ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် အင်္ဂလိပ်ရေတပ်ဖြင့် ရန်ကုန်သို့ ချီတက်တိုက်ခိုက်လာသည်။ ဤနည်းဖြင့် ပုဂံမင်းလက်ထက် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ဖြစ်ရလေသည်။
(၈)
ဦးဂေါင်းကြီးမှ ဗိုလ်ဂေါင်းကြီး
*********************
အင်္ဂလိပ်တို့က ရန်ကုန်သို့ ရေတပ်ဖြင့် ဝိုင်းဝန်း တပ်ချီလာသဖြင့် မြန်မာမင်း၏တပ်မတော်ကြီးများသည် အလုံးအရင်းဖြင့် နေပြည်တော်မှ ရန်ကုန်သို့ အပြင်း ချီတက်ခဲ့ကြရသည်။
သာယာဝတီနယ်မှ တာပွန်မြို့သူကြီး ဦးဂေါင်းကြီးသည် မိမိနယ်မှ တပ်သားများ စုရုံး၍ တပ်သား(၁၅၀၀)နှင့်အတူ အောက်အကြေသို့ ချီတက်ခဲ့ကြရာ မင်းလှမင်းထင် သမန္တကျော်၏ တပ်မကြီးကို မှော်ဘီမြို့တွင် မီခဲ့လေသည်။ ဤတွင် ဦးဂေါင်းကြီးမှာ လူအင်အားအပြည့် ပါလာ၍ သမန္တကျော်လည်း ဦးဂေါင်းကြီး၏တပ်ကို မိမိလက်အောက်တွင် ထားပြီးလျှင် ဗိုလ်မင်းအဖြစ် ခန့်အပ်၍ ချက်ချင်း ကင်းရှည်လှန်ရန် တာဝန်ဖြင့် မှော်ဘီ၊ ဆပ်သွားတော၊ နဘူးခြံ၊ လှည်းကူး၊ ရှမ်းကြီးစသော တောင်တမောင် ရွာစဉ်အတိုင်း အင်းတကော်သို့သွား၍ စောင့်ကြပ်စေသည်။ ဦးမြတ်ထွန်းကိုလည်း ဗိုလ်မင်းခန့်၍ လင်းဇင်းမင်းသား မင်းလှမင်းထင်ကျော်စွာ၏ တပ်မကြီးရှိရာ ဒလမြို့တောင်ဘက် မိုင်(၃၀)ခန့်သို့ ပို့လွှတ်လိုက်လေသည်။ ဗိုလ်မြတ်ထွန်းသည် ရန်ကုန်မြစ် အနောက်ဘက်ကမ်းခြေတွင် လူအင်အား(၇၀၀၀)ကျော်နှင့် လည်းကောင်း၊ ဗိုလ်ရွှေပန်းသည် ၄င်းနှင့်အတူ လူအင်အား (၂၀၀)ကျော်နှင့်လည်းကောင်း ပွဲဦးထွက် အသီးသီး တပ်စွဲနေကြရလေသည်။
မင်းရဲမင်းခေါင်ကျော်လည်း မုတ္တမဘက်မှ ချီတက်လာသော ဂျင်နရယ် ဂေါ်ဒွင်၏ တပ်များကို ပဲခူးမှနေ၍ အလုံးအရင်းနှင့်ခံနေရာ မျက်နှာဖြူဗိုလ်ကြီး အွမ့်စကီ၏ အမှတ်(၈၀)တပ်မဟာမှ တပ်သား(၁၀၀)၊ ဗိုလ်ကြီးဟစ်၏ အမှတ်(၆၇)တပ်မဟာမှ ဘင်္ဂလား အသားမည်း ခြေလျင်တပ်သား(၁၀၀)။ ဗိုလ်မက်ကင်တော့၏ မဒရပ်ဆပ်ပါး မိုင်းနားတပ်မှ တပ်သား(၃၀)ခန့်တို့အား ဗိုလ်မှူးကော့ဘွန်း ကွပ်ကဲ အုပ်ချုပ်၍ ကပ္ပတိန်နစ်ပ် ဦးဆောင်သော တိုက်ရေယာဉ် ဖလေဂျဘွန်းနှင့် ပဲခူးသို့ ရေကြောင်းမှ ချီတက် လာကြလေသည်။ ထိုအခါ မှော်ဘီနှင့် အင်းတကော်သို့ စေလွှတ်လိုက်သော ဗိုလ်ဂေါင်းကြီးတို့တပ်နှင့် လင်းဇင်းမင်းသားထံမှ ခွဲပို့လိုက်သော ဗိုလ်မြတ်ထွန်းတို့ တက်များအားလုံး အင်းတကော်တွင် စုစည်း စုဝေးကြပြီးလျှင် ပဲခူးဘက်ရှိ ရန်သူတပ်များ စခန်းချ ရပ်နားရာသို့ ညတွင်းချင်း ချီတက် လိုက်သွား ကြရလေသည်။
ဘုရားကြီးဘက်ရှိ ခံကတုတ်ကလည်း နံနက် ဝေလီဝေလင်းမှ စတင်၍ ရန်သူသဘောင်္ကို အမြောက် ကြီးများဖြင့် တဖျောဖျော ပစ်နေကြလေသည်။ ဗိုလ်ဂေါင်းကြီးနှင့် ဗိုလ်မြတ်ထွန်းတို့ တပ်များသည် ရန်သူသဘောင်္ကို ပဲခူးအဝင်တွင် နောက်ပိုင်းမှ ဝင်ရောက်တိုက်ခိုက် ဖြိုခွင်းပစ်လိုက်ကြသည်။ အရှေ့ဘက်ကမ်းမှ အနောက်ဘက်ကမ်းသို့ ဖြတ်ကူးနေကြသော ရန်သူကုလားဖြူ ဗိုလ်တာလဘန်၏ တပ်များကို မြန်မာတပ်များက ဒလစပ် လိုက်၍တိုက်နေရာ ဘုရားကြီးခံကတုတ်ဟောင်း အရောက်တွင် တပ်လန်၍ သွားလေ၏။ ယင်းသို့ လန်၍ထွက်လာသော ရန်သူ အင်္ဂလိပ်တပ်တို့ကို ဗိုလ်ဂေါင်းကြီးနှင့် ဗိုလ်မြတ်ထွန်းတို့ တပ်များက အကြိတ်အနယ် တိုက်ခိုက်ကြသဖြင့် ရန်သူတို့လည်း လှေ။ သဘောင်္ အနည်းငယ်မျှဖြင့် ကစဥ့်ကရဲ ဆုတ်ခွာ ထွက်ပြေးကြရလေတော့သည်။
သို့ရာတွင် ၁၈၅၂ ခုနှစ် ဧပြီလ(၁၄)ရက်နေ့က ရန်ကုန်မြို့မှာ မျက်နှာဖြူ ရန်သူလက်သို့ ကျရောက်သွားသည်။ ဤသို့ ကျရောက်သွားသောအခါ ရန်ကုန်မြစ် အနောက်ဘက်ကမ်းရှိ လင်းဇင်းမင်းသား၏ တပ်များလည်း ဗိုလ်မြတ်ထွန်းအား အမီလိုက်ခဲ့ရန် မှာထားခဲ့ပြီး အထက်အညာသို့ ရှေ့ရှုချီတက် ဆုတ်ခွာ သွားကြလေတော့သည်။ ဗိုလ်မြတ်ထွန်းမူကား ဗိုလ်ဂေါင်းကြီးနှင့် သွေးစည်းကာ လှေခွက်ချည့် ကျန်ပစေ အလံမလှဲစတမ်းဟု သစ္စာပြုကာ ဆက်လက်၍ တိုက်ခိုက်တွန်းလှန်ရန် သန္နိဋ္ဌာန် ချထားလိုက်ကြလေသည်။
(၉)
ထိုအတောအတွင်းမှော်ဘီရှိ သမန္တကျော်၏ လူ(၁၄၀၀) ပါ တပ်မကြီးသည် ပဲခူးသို့ ရှေ့ရှုချီတက်ခဲ့လေသည်။ ဗိုလ်ဂေါင်းကြီးတို့ထံသို့လည်း တစ်ပါတည်းဆက်၍ လိုက်ပါရန် မြင်းသည်တော် စေလွှတ်၍ အကြောင်းကြားသဖြင့် ဗိုလ်ဂေါင်းကြီးတို့လည်း တပ်မတော်ကို အမီလိုက်ကြရပြန်လေသည်။ တပ်မတော်ကြီးလည်း ရွှေမော်ဓောဘုရားထိ ချီတက်သွားပြီးလျှင် ဟသာင်္ကုန်းတောအုပ်ထဲ၌ တပ်နားကြလေသည်။ ထိုအခိုက် ရန်သူတပ်များ ဘုရားခြေရင်းဆီသို့ ချဉ်းကပ်လာကြပြန်လေသည်။ သို့ရာတွင် သေနတ်တစ်ကမ်းအကွာတွင် တက်ဖွဲ့ထားပြီး ပစ်ခတ်တိုက်ခိုက်ခြင်းမပြုပဲ အခြေအနေ အချိန်အခါကို စောင့်နေဟန်ရှိလေသည်။
ထိုအခါတွင် ဘုရားပေါ်တွင်ရှိနေသော မင်းရဲမင်းခေါင်ကျော်သည်လည်းကောင်း၊ ဟသာင်္ကုန်းတောအုပ်အတွင်း စခန်းချနေသော သမန္တကျော်သည်လည်းကောင်း ရန်သူများကို လျှပ်တစ်ပြက်နည်းဖြင့် ဝန်းရံချေမှုန်းကြရမည့်အစား စစ်တွေလျက် အေးစက်စက် လုပ်နေကြသဖြင့် ဗိုလ်ဂေါင်းကြီးတို့အဖို့ အားမလိုအားမရနှင့် ဇဝေဇဝါ ဖြစ်လာကြလေတော့သည်။ တပ်မှူးတပ်မင်းအချို့မှာလည်း မျက်စိမျက်နှာ မကြည်မလင်နှင့် တစ်စုံတစ်ရာကို ကြိတ်၍ တိုင်ပင်နေကြသည်ကိုလည်း အစဉ်းစားရကြပ်လှပေသည်။
ဤအတောအတွင်း ရွှေမြို့တော် ရွှေနန်းတော် တစ်ဝိုက်တွင် ရွှေနန်းရှင် ပုဂံမင်းအား မင်းတုန်းမင်းနှင့်တကွ ညီတော်များ ပုန်ကန်ခြားနားနေကြပြီဖြစ်၍ အမရပူရသို့ တပ်မတော်ကို မင်းမိန့်ဖြင့် ပြန်ခေါ်နေပြန်ရာ တိုက်လက်စ စစ်ကို ယာယီအားဖြင့် ရပ်ဆိုင်းရလေတော့သည်။ ယင်းအခြေအနေကို သဘောပေါက်နှင့်ပြီဖြစ်၍ တပ်မတော်ကြီးလည်း ပဲခူးတွင် ခံစစ်ကြောင်းအင်အား အနည်းငယ်ကိုသာ ထားရစ်ခဲ့ပြီး ထိုနေ့ည သန်းခေါင်ကျော်ပြီး နောက်နေ့အကူး ဝေလီဝေလင်း အချိန်မှာပင် တပ်အားလုံးနုတ်၍ ဆုတ်ခွာသွားခဲ့ကြလေသည်။
ယင်းခံစစ်ကြောင်းတွင် ဗိုလ်ဂေါင်းကြီးတို့ သာယာဝတီသားများနှင့် ရွှေကျင်သားအချို့သည် ကလီတွင် ခံကတုတ်လုပ် နေရစ်ခဲ့ကြသည်။ ဗိုလ်မြတ်ထွန်း၏ ဟသာင်္တနယ်သားများမှာမူ တောင်တွင်းကြီးမြို့သစ်အထိ လိုက်ပါမသွားတော့ပဲ ဓနုဖြူ -ဟသာင်္တ တစ်ဘက်သို့ လမ်းခွဲခဲ့ကြလေသည်။
ထိုနှစ် ၁၂၁၄ခုနှစ် ပြာသိုလဆန်း (၈)ရက်နေ့တွင် မင်းတုန်းမင်းနှင့် ညီတော် ကနောင်မင်းတို့ ခြားနား၍ ရွှေဘိုသို့ ထွက်ခဲ့ကြပြီးနောက် ညီတော် ကနောင်မင်းသားလည်း အောက်ပြည်တစ်လွှားမှ ပြန်လည်ရုပ်သိမ်းလာသော တပ်များကို စုရုံး သိမ်းသွင်းကာ အမရပူရမြို့တော်ကို ဝိုင်းဝန်းလုပ်ကြံလေသည်။ သို့နှင့် ၁၂၁၄ ခုနှစ် တပေါင်းလဆန်း (၁၁)ရက်နေ့တွင် အမရပူရမြို့ပေါက်၍ ပုဂံမင်းတရားလည်း နန်းမှဆင်းလျှက် ညီတော် မင်းတုန်းမင်းသား ထီးနန်းဆက်စံတော်မူလေသည်။
ယင်းသို့ ရွှေနန်းတွင်း အရေးတော်ပေါ်နေသဖြင့် အောက်ပြည် အောက်ရွာမှ တပ်အသီးသီး ရွှေမြို့တော်သို့ ပြန်ဆုတ်ခဲ့ကြသည်ကို အခွင့်အရေးယူကာ နယ်ချဲ့အင်္ဂလိပ်တပ်များလည်း နောက်မှ ထပ်ကြပ်မကွာ ချီတင်လိုက်ပါလျက် သေနတ်တစ်ချက်မျှ မပစ်ဖောက်ရပဲ ပြည်မြို့အထိ အလွယ်တကူ သိမ်းပိုက်ထားလိုက်ကြလေသည်။ အင်္ဂလိပ်တို့သည် ပြည်မြို့တွင် စခန်းချပြီး နယ်ပယ်ငြိမ်ဝပ်ပိပြားရေးကို စီမံခန့်ခွဲလျက် ဆက်လက်ချီတက် သင့်, မသင့် ဆွေးနွေးတိုင်ပင်ကာ စစ်တစ်ထောက် နားနေကြလေသည်။
ထို့ကြောင့် နေပြည်တော်၌ နန်းတွင်းရေး မငြိမ်မသက်ဖြစ်၍ တပ်များ အညာသို့ ပြန်လည် ချီတက်ကြရသည့်အတွက် ရန်သူ မျက်နှာဖြူ အင်္ဂလိပ်တို့ အရေးကို လျစ်လျူရှုကာ ဒေသဆိုင်ရာ မြို့သူကြီး၊ တိုက်သူကြီးတို့နှင့်သာ ပစ်ထားသလို ရှိနေပေသည်။ ထိုအချိန်မှာပင် သာယာဝတီမှ သူ့ကျွန်မခံလိုသော ဗိုလ်ဂေါင်းကြီးနှင့် အနောက်ဘက်ကမ်းမှ ဗိုလ်မြတ်ထွန်းတို့လည်း ရန်သူအင်္ဂလိပ်များကို မိမိတို့နယ်မှ ဖြစ်သည့်နည်းနှင့် ခုခံတိုက်ခိုက်ရန် ဆွေးနွေးတိုင်ပင်လျက် လူစုတပ်စု အအုပ်အသင်း မကွဲအောင် ထိန်း၍ အင်္ဂလိပ်တပ်များကို အလစ်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ရန် သစ္စာရေသောက်ပြီး နေခဲ့ကြလေသည်။
(၁၀)
သူရဲကောင်းနှစ်ဦးတို့ တော်လှန်ရေး စပြီ
*****************************
ဗိုလ်ဂေါင်းကြီးနှင့် ဗိုလ်မြတ်ထွန်းတို့ တွေ့ဆုံ ညှိနှိုင်းခဲ့သည်မှာ ထိုနှစ် ဝါဆိုလအတွင်းက ဖြစ်သည်။ ထိုအချိန်တွင် အင်္ဂလိပ်တို့၏ အင်အားမှာ မျက်နှာဖြူ ဗိုလ်ချည်း (၃၅၀)ခန့်နှင့် အခြားအဆင့် (၄၃၀၀)ကျော်၊ ကုလားမည်းအရာရှိ (၂၀၀)ခန့်နှင့် အခြားအဆင့် (၈၀၀၀)ကျော်၊ စုစုပေါင်း တပ်သားအင်အား (၁၅၀၀၀)နီးပါး ရှိလေသည်။ ဗိုလ်ဂေါင်းကြီးနှင့် ဗိုလ်မြတ်ထွန်းတို့ နှစ်ဦးပေါင်း တပ်သားအင်အားမှာ နှိုင်းစာလောက်အောင်မရှိ၊ လေ့ကျင့်ပြီး အမြဲတမ်းတပ်သား လုံးဝမရှိ။ အရေးပေါ် မျိုးချစ်တပ်သား လက်တစ်ဆုပ်စာခန့်မျှဖြင့် မည်သို့ ခံတိုက်ကြမည်နည်း။
မျိုးချစ် အာဇာနည် သူရဲကောင်းတို့မည်သည် တစ်ယောက်တည်းပင် ကျန်ကျန် သူ့ကျွန်မခံလိုသောစိတ်ဖြင့် အလံမလှဲပဲ တိုက်ခိုက်စမြဲပင် ဖြစ်သည်။
ထို့ကြောင့် ဗိုလ်မြတ်ထွန်းက မျိုးချစ်တပ်သား အနည်းငယ်ဖြင့် အကောက်တောင်နှင့် ကြံခင်းတိုက်ပွဲများ၌ အင်္ဂလိပ်စစ်သဘောင်္ အင်တာပရိုက်စ်ပေါ်တက်၍ စစ်ဗိုလ်မှူး မေဂျာ ဂါဒနား၏ ဦးခေါင်းကို ဖြတ်ယူပြီး တော်လှန်ရေး စတင်ခဲ့သလို၊ ဗိုလ်ဂေါင်းကြီးနှင့် ဗိုလ်ဂေါင်းလေး ညီအစ်ကိုတို့ကလည်း ဆင်ခေါင်းရွာ သရက်တိုက်ထဲ၌ စခန်းချနေသော အင်္ဂလိပ် ဂေါ်ယာတပ်များကို နောက်ပါ ရဲဘော်သုံးကျိပ်နှင့် ဝင်ရောက် စီးနင်း၍ ဓားဖြင့် ခုတ်သတ် တိုက်ခိုက်ခဲ့ရာ တစ်တပ်လုံး ပြုတ်ပြုတ်ပြုန်းသွားခဲ့သည့် တိုက်ပွဲဖြင့် တော်လှန်ရေးတိုက်ပွဲကို စတင်ခဲ့လေသည်။ ထိုသတင်းများသည် ဧရာဝတီမြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ နယ်ပယ်အနှံ့ တောမီးပမာ လျင်စွာ ပြန့်သွားခဲ့ရာ အနယ်နယ်အရပ်ရပ်မှ မျိုးချစ်လူငယ် များစွာပင် အစုလိုက် အပြုံလိုက် နယ်ချဲ့တော်လှန်ရေး တပ်များသို့ ဝင်ရောက်ခဲ့ကြလေသည်။

0 comments:
Post a Comment