(၁)
တာပွန်မြို့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း
***************************
မြန်မာသက္ကရာဇ် ၁၂၁၃ ခု၊ ခရာဇ်သက္ကရာဇ် ၁၈၅၂ ခုနှစ် ပုဂံမင်းလက်ထက်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရနှင့်
မြန်မာမင်းတို့ ဒုတိယအကြိမ် စစ်ပွဲဖြစ်ပွားခဲ့ရာ
မြန်မာမင်းတို့ဘက်မှ အရေးနိမ့်၍ နယ်ချဲ့အင်္ဂလိပ်အစိုးရအား မြန်မာမင်းက ပြည်မြို့အထက်
မြေထဲမြို့(အောင်လံ)နှင့် တောင်ငူမြို့အထိ မြန်မာပြည် အောက်ပိုင်းကို ပေးလိုက်ရသည်။
ဤသို့ အင်္ဂလိပ်နယ်ချဲ့အစိုးရက မြန်မာပြည် အောက်ပိုင်းကို သိမ်းယူနိုင်ခွင့် ရရှိခဲ့သော်လည်း ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အပါအဝင် သာယာဝတီ နယ်ကြီးကိုကား တည်တည်ငြိမ်ငြိမ် အုပ်ချုပ်ပိုင်ခွင့် မရခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ တာပွန်မြို့သူကြီး သာယာဝတီနယ်၏ စစ်ခေါင်းဆောင် ဗိုလ်ဂေါင်းကြီး၊ ဗိုလ်ဂေါင်းလေးနှင့် သာယာဝတီနယ်သားများသည် အနိုင်မခံ အရှုံးမပေး သူ့ကျွန်မခံလိုသော စိတ်ဓာတ်ဖြင့် နယ်ချဲ့အင်္ဂလိပ်အစိုးရအား လက်နက်မချပဲ ဆက်လက်၍ ခုခံတိုက်ခိုက် တော်လှန်နေသောကြောင့်တည်း။
နယ်ချဲ့အင်္ဂလိပ်အား တော်လှန်တိုက်ခိုက်နေသော တာပွန်မြို့သူကြီး ဗိုလ်ဂေါင်းကြီးနှင့် သာယာဝတီ နယ်သူနယ်သားများသည် လက်နက်အင်အား မယှဉ်သာသော်လည်း အာဇာနည်သူရဲကောင်း စိတ်ဓာတ်ဖြင့် သာယာဝတီနယ်သားများပီပီ အနိုင်မခံ၊ အရှုံးမပေး၊ ဒူးမထောက်၊ အလံမလှဲပဲ နယ်ချဲ့အင်္ဂလိပ်အား (၈)နှစ်တိုင်တိုင် ခုခံတိုက်ခိုက်နေသဖြင့် အင်္ဂလိပ်အစိုးရသည် အေးအေးချမ်းချမ်း အုပ်ချုပ်ခွင့် မရခဲ့ချေ။ ဤသို့ရှိနေစဉ် ခရာဇ်သက္ကရာဇ် ၁၈၆၀ ခုနှစ်တွင် မြန်မာပိုင်နှင့် အင်္ဂလိပ်ပိုင် နယ်မြေကို ကူးသန်းနေခိုက် အမိန့်ကို မနာခံဟုဆိုကာ မြန်မာမင်း၏ နယ်ခြားစောင့် စစ်တပ်မှ ဗိုလ်ဂေါင်းကြီးအား ပစ်သတ်လိုက်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ သာယာဝတီခရိုင်၊ တာပွန်မြို့သား စစ်ခေါင်းဆောင် အာဇာနည် မျိုးချစ် သူရဲကောင်း ဗိုလ်ဂေါင်းကြီးသည် ကျဆုံးသွားခဲ့ရလေသည်။